Tuesday, 15 November 2011

မုဒိတာ Location

မုဒိတာ ၂ အိမ်ပုံစံ

မုဒိတာ ၂ အိမ်ပုံစံ

မြန်မာ့ပထမဆုံး နှစ်ရှည်ဘဏ်ချေးငွေဖြင့် လေးနှစ်ကျော် အရစ်ကျစနစ် အိမ်ခန်း ၀ယ်ယူနိုင်မှု စတင်ပြီ



အိမ်နီးချင်း နိုင်ငံတစ်ခုရှိ တန်ဖိုးနည်း ကွန်ဒိုအိမ်ရာတစ်ခုကို တွေ့ရစဉ်

ခေတ်မီတိုက်ခန်း တစ်ခန်းကို ဘဏ်၏ နှစ်ရှည်ချေးငွေဖြင့် ၀ယ်ယူပိုင်ဆိုင်နိုင်မည့် စနစ်ကို တော်ဝင် ဆောက်လုပ်ရေး ကုမ္ပဏီနှင့် ပုဂ္ဂလိကဘဏ် အချို့တို့ ပူးပေါင်း၍ မြန်မာနိုင်ငံတွင် ပထမဆုံး အနေဖြင့် စတင်လိုက်ပြီ ဖြစ်ကြောင်း သတင်းရရှိသည်။ အဆိုပါ မုဒိတာ အမည်ရှိ အိမ်ရာ စီမံကိန်းသည် ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်အတွင်း ဗဟိုလမ်းမပေါ် (သမိုင်းဘူတာရုံလမ်း အနီး) ၌ တည်ရှိပြီး မြေလေးဧက အကျယ်အ၀န်းပေါ်တွင် အထပ်ကိုးထပ်ပါ အဆောက်အဦ အဖြစ် တည်ဆောက်သွားမည် ဖြစ်ပြီး အခန်းပေါင်း ၁၀၀၀ ကျော် ပါဝင်သည်ဟု သိရှိရသည်။

အခန်းပုံစံ လေးမျိုး ရှိပြီး တန်ဖိုး အနေဖြင့် မြေညီထပ်နှင့် ပထမထပ်မှလွဲ၍ ကျန်အထပ်များမှ တစ်ခန်းလျှင် ငွေကျပ် ၁၂၈ သိန်း ရှိပြီး ကနဦးပေးသွင်းငွေ ၂၄ သိန်း ရှိရုံဖြင့် အခန်းတစ်ခန်း ၀ယ်ယူနိုင်မည် ဖြစ်ကြောင်း၊ အခန်း တစ်ခန်း၏ အကျယ်အ၀န်းသည် ၆၅၀ မှ ၉၅၀ စတုရန်းပေကြား ရှိမည် ဖြစ်ပြီး ၀န်ဆောင်မှုများ အနေဖြင့် ဓာတ်လှေကား သုံးခု၊ PABX ဖုန်း (သို့) ဂဏန်း ၇ လုံးပါ TL 6500 Soft Switch Exchange ဖုန်းလိုင်း တစ်ခု၊ ဂြိုဟ်တုရုပ်မြင်သံကြား စနစ်တို့ ပါဝင်မည် ဖြစ်ကြောင်း ကြားသိရသည်။


အဆိုပါ အခန်းများ၏ တည်ဆောက်ချိန်သည် ရှစ်လခန့် ကြာမြင့်မည် ဖြစ်ပြီး ကနဦး ပေးသွင်းငွေ ၂၄ သိန်းနှင့် အရောင်းအ၀ယ် စာချုပ် ချုပ်ဆိုပြီးသည်နှင့် တက်ရောက်နေထိုင်နိုင်ပြီ ဖြစ်ကြောင်း၊ ကျန်ငွေ ၁၀၄ သိန်းကို ကမ္ဘောဇဘဏ်နှင့် အခြားဘဏ်တစ်ခုမှ ထုတ်ချေးထားမည် ဖြစ်ပြီး တစ်လလျှင် သုံးသိန်းကျပ် ဆပ်သွားရန်သာ လိုအပ်ကြောင်း၊ ငွေကျေသည်အထိ စာချုပ်ကို ဘဏ်မှ ထိန်းသိမ်းထားမည် ဖြစ်ပြီး အတိုးနှုန်းမှာ ဘဏ်အတိုးအတိုင်းသာ ဖြစ်ကြောင်း၊ ငွေအလုံးအရင်း မပေးနိုင်သူများအတွက် အထူးရည်ရွယ်သော အိမ်ရာစီမံကိန်း ဖြစ်ပြီး ကုမ္ပဏီဝန်ထမ်းများကို ဦးစားပေးသွားမည် ဖြစ်ကြောင်း ကြားသိရသည်။
http://www.mmdailynews.com/viewnews.php?id=424 မှကူးယူပါသည်

မုဒိတာ စီမံကိန်း(၂)တွင် အခန်းပေါင်း ၃၀၀ ထပ်မံ တိုးချဲ့သွားမည်

ထားထားခင်
အတွဲ ၂၇ ၊ အမှတ် ၅၃၉ ( ၁၄ - ၂၀ ၊ ၁၀ ၊ ၂၀၁၁)
အင်းစိန်မြို့နယ်တွင် တော်ဝင်မိသားစု ဆောက်လုပ်ရေးကုမ္ပဏီမှ တာဝန်ယူ တည်ဆောက်နေသည့် မုဒိတာ တန်ဖိုး နည်း အိမ်ရာ စီမံကိန်း(၂)တွင် အခန်း ပေါင်း ၃၀၀ ကို ထပ်မံတိုးချဲ့ဆောင်ရွက် သွားရန်ရှိကြောင်း ကုမ္ပဏီဥက္ကဋ္ဌ ဦးကိုကို ထွေးက ပြောကြားသည်။
"မူလစီမံကိန်းမှာက အခန်းပေါင်း ၁,၅၀၀ ရှိပါတယ်၊ ဒါတွေအားလုံး ရောင်းချပြီးသွားပါပြီ၊ နောက်ထပ် အခန်း ၃၀၀ ထပ်ချဲ့ဖို့ စီစဉ်နေပါတယ်"ဟု ၎င်းကပြောသည်။
စီမံကိန်းဧရိယာအကျယ်မှာ မြေငါး ဧကရှိပြီး ထပ်မံတိုးချဲ့သော အခန်းများ မှာ ယခင်ဂိုဒေါင်များတည်ရှိခဲ့သော နေရာတွင် တည်ဆောက်မည်ဖြစ်ကာ မူလစီမံကိန်းနှင့် ပြိုင်တူတည်ဆောက် မည်ဖြစ်သည်။
ဘုရင့်နောင်လမ်းဆုံအနီးတွင် တည် ရှိသော မုဒိတာစီမံကိန်း(၂)တွင် ဓာတ် လှေကား၊ ရေ၊ မီးစနစ်၊ လမ်း၊ ရေနုတ်မြောင်း စသည့် ပံ့ပိုးမှုအင်္ဂါရပ်များ ပြည့်စုံစွာ ပါရှိမည်ဖြစ်ပြီး တစ်ခန်းလျှင် အကျယ် စတုရန်းပေ ၆၅၀ ခန့်ရှိမည်ဖြစ်ပြီး အခန်း အရေအတွက် စုစုပေါင်းမှာ ၁,၈၀၀ ရှိလာမည်ဖြစ်သည်။
အခန်းများကို မြေညီ ၁၆၅ သိန်း၊ ပထမထပ် သိန်း ၁၄၀ နှင့် ကျန်အထပ် များ ၁၂၈ သိန်းဟု ရောင်းဈေးသတ် မှတ်ထားသည်။ မူလအခန်း ၁,၅၀၀ ကို ယခုလအတွင်း အရောင်းဖွင့်လှစ် ခဲ့သော်လည်း ထပ်မံဆောက်လုပ်မည့် အခန်း ၃၀၀ အတွက် အရောင်းဖွင့် လှစ်ရန် ကာလမသတ်မှတ်ရသေး ကြောင်း ဦးကိုကိုထွေးက ရှင်းပြသည်။
ငွေပေးချေမှုလုပ်ငန်းများကို ကမ္ဘောဇ ဘဏ်နှင့် ချိတ်ဆက်ဆောင်ရွက်မည် ဖြစ်ပြီး ၀ယ်ယူသည့် တိုက်ခန်းပမာဏ၏ သတ်မှတ်ရာခိုင် နှုန်းအလိုက် ဘဏ်မှ ချေးငွေကို တစ်လသုံးသိန်းနှုန်းဖြင့် လပေါင်း ၃၀ အတွင်း အရစ်ကျပေးချေ သွားရမည်ဖြစ်ကြောင်း ၎င်းကပြော သည်။
"၀ယ်ထားတဲ့သူတွေက လက်ငင်းပေး ၀ယ်တဲ့ သူတွေရှိသလို ဆယ်ရစ်ခွဲသွင်း တဲ့သူတွေလည်းရှိတယ်၊ ဒါ့ပြင် အခု အောက်တိုဘာ လဆန်းမှာ စလုပ်မယ့် ငမန စကမခ့ျေန စနစ်နဲ့လည်း ငွေပေးချေ တာကို ဘဏ်နဲ့ချိတ်ဆက်ပြီးလုပ်သွားမယ်"ဟု ဦးကိုကိုထွေး ကပြောသည်။
မုဒိတာစီမံကိန်း(၂)တည်ဆောက်ရေး လုပ်ငန်းများကို ယခုလတွင် စတင် နေပြီး ၂၀၁၂ နှစ်လယ်ခန့်တွင် အပြီး သတ်နိုင်မည်ဟု ခန့်မှန်းကြောင်း ၎င်းက ပြောသည်။
မုဒိတာစီမံကိန်း(၃)ကိုလည်း ဆက်လက် တည်ဆောက်သွားရန် ပြင်ဆင်နေသည်ဟုသိရပြီး ထိုအတွက် မြေနေရာကို အင်းစိန်၊ ရွာမအနီးပတ်ဝန်းကျင်နှင့် မြောက်ဒဂုံမြို့နယ်တို့တွင် အဓိကထား ရှာဖွေသွားရန် ရည်ရွယ်ထားကြောင်း ၎င်းကပြောသည်။

http://myanmar.mmtimes.com/2011/property/539/buss09.html မှကူးယူပါသည်

.: အရစ်ကျ ရောင်းချမည့် မုဒိတာ တန်ဖိုးနည်း အဆင့်မြင့် အိမ်ယာ စီမံကိန်း(၂)

တော်ဝင်မိသားစု ကုမ္ပဏီမှ ဒုတိယမြောက် မုဒိတာ တန်ဖိုးနည်း အဆင့်မြင့် အိမ်ယာ စီမံကိန်း (၂)ကို ကံစမ်းမဲ စနစ်နဲ့ အရစ်ကျ ရောင်းချ သွားမှာ ဖြစ်ကြောင်း သိရသည်။ အဆိုပါ မုဒိတာ တန်ဖိုးနည်း အိမ်ယာ (၂)ကို ၀ယ်ယူသူ အနေနှင့် လျှောက်လွှာကိုတော်ဝင် စင်တာ(၅)လွှာမှာ ရယူနိုင်ပြီး လျှောက်လွှာကို စပေါ်ငွေ (၁)သိန်းကျပ် သွင်းမည်ဖြစ်သည်။ စပေါ်ငွေ (၁)သိန်း ကျပ်နဲ့ ပေးသွင်းပြီး လျှောက်လွှာကို ကံစမ်းမ စနစ်နဲ့ ရွေးချယ် ရောင်းချမှာ ဖြစ်ပြီး ရွေးချယ် မခံရသူ အနေနှင့် ငွေကျပ်(၁)သိန်းကို ပြန်လည် ထုတ်ယူနိုင်သည်။

အဆိုပါ မုဒိတာ တန်ဖိုးနည်း အဆင့်မြင့် အိမ်ယာ (၂)မှာ မြေညီထပ်ကို ငွေကျပ် (၁၆၅)သိန်းနဲ့ ရောင်းချမှာ ဖြစ်ပြီး ပထမထပ်ကို ငွေကျပ်သိန်း (၁၄၀)၊  ဒုတိယထပ်နှင့် ကျန်အလွှာများကို ငွေကျပ်(၁၂၈) သိန်းနဲ့ ရောင်းချမှာ ဖြစ်ကြောင်း သိရသည်။ အဆိုပါ အိမ်ယာမှာ တိုက်အခန်းပေါင်း (၁၆၀၀)ပါဝင်ပြီး အကျယ်အ၀န်းမှာ (၆၅၀) စတုရန်းပေ  (၁၅)ပေ၊ ပေ(၄၀) ရှိတယ်လို့ သိရသည်။

Master Bathroom တစ်ခန်း ရိုးရိုးအိပ်ခန်း တစ်ခန်း ပါဝင်သည်။ မုဒိတာ တန်ဖိုးနည်း အဆင့်မြင့် အိမ်ယာများကို တစ်နှစ်ကို တိုက်ခန်းပေါင်း (၃၀၀၀)မှ (၅၀၀၀) ကြား တည်ဆောက် သွားရန် စီစဉ်ဆောင်ရွက် ထားကြောင်း သိရသည်။ အဆိုပါ မုဒိတာ တန်ဖိုးနည်း အဆင့်မြင့် အိမ်ယာ(၂)ကို ယခုနှစ် စက်တင်ဘာလမှာ စတင် တည်ဆောက်မှာ ဖြစ်ပြီး (၂၁၁၂)ခုနှစ် မေလမှာ ဖြစ်ကြောင်း သိရသည်။

http://www.mrtv4.net.mm/news/view/business:10794/login မှကူးယူပါသည်

မုဒိတာ တန်ဖိုးနည်းအိမ်ရာ ၀ယ်ယူသူများအတွက် ကမ္ဘောဇဘဏ်ငွေထုတ်ချေး

ကျော်ဆုမွန်
အတွဲ ၂၆ ၊ အမှတ် ၅၀၈ (၄ - ၁၀ ၊ ၃ ၊ ၂၀၁၁)
မရမ်းကုန်းမြို့နယ်၊ သမိုင်းတွင် အကောင်အထည်ဖော်နေသည့် မုဒိတာ တန်ဖိုးနည်း အိမ်ရာစီမံကိန်းမှ တိုက်ခန်းများကို ၀ယ်ယူခွင့် ရသူများသည် ကမ္ဘောဇဘဏ်မှ နှစ်ရှည်ချေးငွေဖြင့် ငွေချေးနိုင်မည်ဖြစ်ကြောင်း တော်ဝင် ဆောက်လုပ်ရေးမှ ဥက္ကဋ္ဌ ဦးကိုကိုထွေး က မြန်မာတိုင်း(မ်)ကို ပြောသည်။
အဆိုပါ မုဒိတာ တန်ဖိုးနည်းကွန်ဒို အခန်းများကို ၀ယ်ယူရန် လာရောက်လျှောက်ထားကြသူ ၂,၀၀၀ ခန့်မှ ၅၀၀ ခန့်ကို ဖေဖော်ဝါရီ ၆ ရက်နေ့ တစ်ရက်တည်းတွင်ပင် မဲစနစ်ဖြင့် ရောင်းချပေး ခဲ့ခြင်းဖြစ်သည်။
တန်ဖိုးနည်း ကွန်ဒိုစီမံကိန်းဖြစ်ပြီး အရစ်ကျလည်း ရောင်းချမည်ဖြစ်သောကြောင့် ၀ယ်ယူသူများ၏ စိတ်ဝင်စားမှုကို ရရှိခဲ့သည့် မုဒိတာ တန်ဖိုးနည်း ကွန်ဒို စီမံကိန်းသည် လာမည့် မတ်လဆန်းတွင် အဆောက်အအုံများကို သမိုင်း၊ ဦးဘဟန်လမ်း (ဗဟိုလမ်း) ပေါ်တွင် စတင်ဆောက်လုပ်တော့မည်ဖြစ်သည်။
စီမံကိန်းအရ အခန်းပေါင်း တစ်ထောင်ကျော် ပါဝင်မည်ဖြစ်သော်လည်း ကုမ္ပဏီကြီး အချို့က ၀န်ထမ်းများ အတွက် ကနဦး အခန်းများဝယ်ယူထားပြီးဖြစ်သောကြောင့် အများပြည်သူသို့ အခန်း ၅၀၀ ခန့်သာ ရောင်းချပေးနိုင်ခဲ့ပြီး ထိုသို့ ရောင်းချမှုကို မဲနှိုက်ကာ ရောင်းချပေးခဲ့ခြင်းလည်းဖြစ်သည်။
"လျှောက်လွှာ ၂,၀၀၀ လောက်ကနေ ၀ယ်ခွင့်ရတာက ၅၀၀ လောက်ရှိပါတယ်။ မထင်မှတ်လောက်အောင်ကို စိတ်ဝင်စားတဲ့ သူများတယ်"ဟု ဦးကိုကို ထွေးက ပြောသည်။
ထိုသို့ ၀ယ်ယူခွင့်ရရှိသူများသည် အခန်းနံပါတ်ကို တစ်ခါတည်း သတ်မှတ် ရရှိပြီး ကနဦး ကျပ် ၂၄ သိန်းကို ပေးချေရမည်ဖြစ်သည်။
"အခုကျန်တဲ့ငွေကို ကမ္ဘောဇဘဏ် ကနေချေးပေးမယ်။ တစ်လကို သုံးသိန်းပဲသွင်းရမှာဖြစ်ပြီးတော့ ဘဏ်ကို သုံးနှစ် အတွင်းပြန်ဆပ် ရမှာပါ"ဟု ၎င်းက ပြောသည်။
ရှစ်ထပ် အဆောက်အအုံများ ဖြစ်သောကြောင့် မြေညီထပ်များမှ လွဲပြီး ကျန် အထပ် အားလုံးသည် ဈေးနှုန်းတူညီကာ ကျပ် ၁၂၈ သိန်း သတ်မှတ်ထားသည်။
မြေညီထပ်သည် ၁၆၅ သိန်းဖြစ်သည်။ မုဒိတာအိမ်ရာစီမံကိန်းသည် အောင် မြင်မှုရသည့် စီမံကိန်းဖြစ်သောကြောင့် စီမံကိန်းများကို ဆက်တိုက်ဖော်ထုတ် သွားရန် မြေဆက်လက်ရှာဖွေနေကြောင်း၊ မြေဈေးပေါ်မူတည်ကာ နောင်တွင် တည်ဆောက်မည့် စီမံကိန်းများ တွင် တိုက်ခန်းဈေးနှုန်းများ အပြောင်းအလဲရှိနိုင်မည်ဖြစ်ကြောင်း ဦးကိုကို ထွေးကပြောသည်။
"ခန့်မှန်းတွက်ချက်ထားတာနဲ့ ရေရှည် လုပ်နိုင်မလုပ်နိုင် ဆိုတာကလည်း ရှိသေးတယ်။ အခုအခန်းတွေကိုတော့ သီတင်းကျွတ်မှာ အပ်နိုင်အောင်တော့ ဆောက်မယ်"ဟု ၎င်းက ဆက်လက် ပြောသည်။
မုဒိတာတန်ဖိုးနည်း ကွန်ဒိုစီမံကိန်းတွင် ဓာတ်လှေကားသုံးစင်းပါဝင်မည် ဖြစ်ပြီး ထိုအတွက် မီးစက်သီးသန့်ပါဝင်မည်ဖြစ်သည်။ ဓာတ်လှေကား ၀န်ဆောင်မှု ကုန်ကျစရိတ်ကို တော်ဝင် ဖောင်ဒေးရှင်းမှ ငါးနှစ်စာအထိ ကုန်ကျ ခံပေးသွားမည်ဖြစ်သည်။
ရေစီးရေလာ ကောင်းမွန်စေရန်နှင့် မိုးတွင်းကာလတွင် တိုက်ခန်းများရေမ နစ်မြုပ်စေရန် ရန်ကုန်မြို့တော်စည်ပင် သာယာရေး ကော်မတီနှင့် ညှိနှိုင်းဆောင် ရွက်မည်ဖြစ်ပြီး စီမံကိန်းအထွက် မြောင်းများကို ငါးပေအကျယ်၊ ငါးပေအနက် ထားရှိမည်ဖြစ်သည်။
 
http://www.myanmar.mmtimes.com/2011/property/508/buss13.html မှကူးယူဖော်ပြပါသည်

အိမ်ယာ Blog အကြောင်း

အိမ်ယာစီမံကိန်း တွေရဲ့ အချက်အလက်တွေရှာရတာ ခက်လွန်းလို့ ဒီ blog လေးကို စတင်တည်ထောင်မိတာပါ
တတ်နိုင်သလောက် အချက်အလက်တွေပြည့်စုံအောင် တင်ပေးသွားပါမယ်လို့ ကတိပြုရင် နှင့် ဒီ blog လေးကို ဒီနေ့စတင်ဖန်တီးလိုက်၇ပါတယ် ( ၁၅-၁၁-၂၀၁၁ )
မိတ်ဆွေတို သိလိုသမျှ ( သို့ ) သိသမျှ ကိုလည်း Share လုပ်ရန်ဖိတ်ခေါ်လိုက်ပါတယ်
ရည်ရွယ်ချက်ကတော မည်သူ့ကိုမျှတိုက်ခိုက် ပုတ်ခတ်ရန်မဟုတ်ပါ
Just Information

KMW