Tuesday, 15 November 2011

မုဒိတာ တန်ဖိုးနည်းအိမ်ရာ ၀ယ်ယူသူများအတွက် ကမ္ဘောဇဘဏ်ငွေထုတ်ချေး

ကျော်ဆုမွန်
အတွဲ ၂၆ ၊ အမှတ် ၅၀၈ (၄ - ၁၀ ၊ ၃ ၊ ၂၀၁၁)
မရမ်းကုန်းမြို့နယ်၊ သမိုင်းတွင် အကောင်အထည်ဖော်နေသည့် မုဒိတာ တန်ဖိုးနည်း အိမ်ရာစီမံကိန်းမှ တိုက်ခန်းများကို ၀ယ်ယူခွင့် ရသူများသည် ကမ္ဘောဇဘဏ်မှ နှစ်ရှည်ချေးငွေဖြင့် ငွေချေးနိုင်မည်ဖြစ်ကြောင်း တော်ဝင် ဆောက်လုပ်ရေးမှ ဥက္ကဋ္ဌ ဦးကိုကိုထွေး က မြန်မာတိုင်း(မ်)ကို ပြောသည်။
အဆိုပါ မုဒိတာ တန်ဖိုးနည်းကွန်ဒို အခန်းများကို ၀ယ်ယူရန် လာရောက်လျှောက်ထားကြသူ ၂,၀၀၀ ခန့်မှ ၅၀၀ ခန့်ကို ဖေဖော်ဝါရီ ၆ ရက်နေ့ တစ်ရက်တည်းတွင်ပင် မဲစနစ်ဖြင့် ရောင်းချပေး ခဲ့ခြင်းဖြစ်သည်။
တန်ဖိုးနည်း ကွန်ဒိုစီမံကိန်းဖြစ်ပြီး အရစ်ကျလည်း ရောင်းချမည်ဖြစ်သောကြောင့် ၀ယ်ယူသူများ၏ စိတ်ဝင်စားမှုကို ရရှိခဲ့သည့် မုဒိတာ တန်ဖိုးနည်း ကွန်ဒို စီမံကိန်းသည် လာမည့် မတ်လဆန်းတွင် အဆောက်အအုံများကို သမိုင်း၊ ဦးဘဟန်လမ်း (ဗဟိုလမ်း) ပေါ်တွင် စတင်ဆောက်လုပ်တော့မည်ဖြစ်သည်။
စီမံကိန်းအရ အခန်းပေါင်း တစ်ထောင်ကျော် ပါဝင်မည်ဖြစ်သော်လည်း ကုမ္ပဏီကြီး အချို့က ၀န်ထမ်းများ အတွက် ကနဦး အခန်းများဝယ်ယူထားပြီးဖြစ်သောကြောင့် အများပြည်သူသို့ အခန်း ၅၀၀ ခန့်သာ ရောင်းချပေးနိုင်ခဲ့ပြီး ထိုသို့ ရောင်းချမှုကို မဲနှိုက်ကာ ရောင်းချပေးခဲ့ခြင်းလည်းဖြစ်သည်။
"လျှောက်လွှာ ၂,၀၀၀ လောက်ကနေ ၀ယ်ခွင့်ရတာက ၅၀၀ လောက်ရှိပါတယ်။ မထင်မှတ်လောက်အောင်ကို စိတ်ဝင်စားတဲ့ သူများတယ်"ဟု ဦးကိုကို ထွေးက ပြောသည်။
ထိုသို့ ၀ယ်ယူခွင့်ရရှိသူများသည် အခန်းနံပါတ်ကို တစ်ခါတည်း သတ်မှတ် ရရှိပြီး ကနဦး ကျပ် ၂၄ သိန်းကို ပေးချေရမည်ဖြစ်သည်။
"အခုကျန်တဲ့ငွေကို ကမ္ဘောဇဘဏ် ကနေချေးပေးမယ်။ တစ်လကို သုံးသိန်းပဲသွင်းရမှာဖြစ်ပြီးတော့ ဘဏ်ကို သုံးနှစ် အတွင်းပြန်ဆပ် ရမှာပါ"ဟု ၎င်းက ပြောသည်။
ရှစ်ထပ် အဆောက်အအုံများ ဖြစ်သောကြောင့် မြေညီထပ်များမှ လွဲပြီး ကျန် အထပ် အားလုံးသည် ဈေးနှုန်းတူညီကာ ကျပ် ၁၂၈ သိန်း သတ်မှတ်ထားသည်။
မြေညီထပ်သည် ၁၆၅ သိန်းဖြစ်သည်။ မုဒိတာအိမ်ရာစီမံကိန်းသည် အောင် မြင်မှုရသည့် စီမံကိန်းဖြစ်သောကြောင့် စီမံကိန်းများကို ဆက်တိုက်ဖော်ထုတ် သွားရန် မြေဆက်လက်ရှာဖွေနေကြောင်း၊ မြေဈေးပေါ်မူတည်ကာ နောင်တွင် တည်ဆောက်မည့် စီမံကိန်းများ တွင် တိုက်ခန်းဈေးနှုန်းများ အပြောင်းအလဲရှိနိုင်မည်ဖြစ်ကြောင်း ဦးကိုကို ထွေးကပြောသည်။
"ခန့်မှန်းတွက်ချက်ထားတာနဲ့ ရေရှည် လုပ်နိုင်မလုပ်နိုင် ဆိုတာကလည်း ရှိသေးတယ်။ အခုအခန်းတွေကိုတော့ သီတင်းကျွတ်မှာ အပ်နိုင်အောင်တော့ ဆောက်မယ်"ဟု ၎င်းက ဆက်လက် ပြောသည်။
မုဒိတာတန်ဖိုးနည်း ကွန်ဒိုစီမံကိန်းတွင် ဓာတ်လှေကားသုံးစင်းပါဝင်မည် ဖြစ်ပြီး ထိုအတွက် မီးစက်သီးသန့်ပါဝင်မည်ဖြစ်သည်။ ဓာတ်လှေကား ၀န်ဆောင်မှု ကုန်ကျစရိတ်ကို တော်ဝင် ဖောင်ဒေးရှင်းမှ ငါးနှစ်စာအထိ ကုန်ကျ ခံပေးသွားမည်ဖြစ်သည်။
ရေစီးရေလာ ကောင်းမွန်စေရန်နှင့် မိုးတွင်းကာလတွင် တိုက်ခန်းများရေမ နစ်မြုပ်စေရန် ရန်ကုန်မြို့တော်စည်ပင် သာယာရေး ကော်မတီနှင့် ညှိနှိုင်းဆောင် ရွက်မည်ဖြစ်ပြီး စီမံကိန်းအထွက် မြောင်းများကို ငါးပေအကျယ်၊ ငါးပေအနက် ထားရှိမည်ဖြစ်သည်။
 
http://www.myanmar.mmtimes.com/2011/property/508/buss13.html မှကူးယူဖော်ပြပါသည်

No comments:

Post a Comment